တာမွေ အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် အောက်တိုဘာလ(၄)ရက်နေ့မှ (၇)ရက်နေ့အထိ လေးရက်တိုင်တိုင် နေ့စဉ်နံနက် (၈)နာရီမှ ည(၁၀)နာရီအချိန်အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ အောက်တိုဘာလ(၇)ရက်နေ့ (ပွဲတော် နောက်ဆုံးနေ့) ညပိုင်းအချိန်တွင် ပွဲတော်သို့အပန်းဖြေလာရောက်လည်ပတ်ကြသူများအား မြန်မာတိုင်းရင်းသားရိုးရာ အကအလှများ၊ ခေတ်ပေါ်တေးဂီတများ၊ နိုင်ငံကျော်အနုပညာရှင်ကြီးများ၏ သီဆိုဖျော်ဖြေမှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်သူသောင်းနှင့်ချီ လွတ်လပ်ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
“စိတ်အပန်းဖြေတဲ့အနေနဲ့ သူငယ်ချင်းတွေနဲ့အတူ လာရောက်ဖြစ်တာပါ။ ဒီရောက်တော့ ကိုယ်ထင်ထား တာထက် ပိုပျော်ရွှင်စရာကောင်းပါတယ်။ ပြီးတော့ ဒီတစ်နေရာထဲမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေ၊ ရိုးရာအစားအစာ တွေကို စျေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူခွင့်ရတဲ့အတွက်လည်း အရမ်းကိုအဆင်ပြေပါတယ်။ နောက်တစ်ခုကတော့ မီးရှူးမီးပန်းဖောက်တာကို အနီးကပ်ကြည့်ရှုခွင့်ရတဲ့အပေါ် စိတ်ထဲမှာ ဝမ်းသာကြည်နူးမှုတွေ ဖြစ်ပေါ်တဲ့အတွက် ပွဲတော်ကိုလာရောက်ခြင်းအားဖြင့် အသိဉာဏ်ပညာဗဟုသုတတွေ တိုးပွားလာရုံသာမက စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းသွားသလို ခံစားရပါတယ်။ နောင်လည်းတာဝန်ရှိသူတွေအနေနဲ့ အခုလိုရိုးရာပွဲတော်တွေကို အစဉ်အမြဲကျင်းပပြုလုပ်ပေးစေချင်ပါတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပွဲတော်သို့ အပန်းဖြေလာရောက်လည်ပတ်သူ တစ်ဦးက ပြောသည်။
အဆိုပါပွဲတော်တွင် အွန်လိုင်းမားကတ်တွင် ရောင်းချနေသည့် အစားအစာများနှင့် လူသုံးကုန်ပစ္စည်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ ထုတ်လုပ်သည့် အစားအသောက်များ၊ လူသုံးကုန်ပစ္စည်းများ၊ မြန်မာနိုင်ငံ အလှမွေးငါး လုပ်ငန်းရှင်များအသင်း၏ အလှမွေးငါး၊ အိမ်မွေးတိရစ္ဆာန်နှင့် တွားသွားသတ္တဝါ အရောင်းပြခန်းများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ အရောင်းပြခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက်ကုန် ရိုးရာအစားအစာများနှင့် လက်မှုပစ္စည်း အရောင်းဆိုင်များအပြင် စားသောက်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခဲ့ပြီး လာရောက်အပန်းဖြေသူ အများပြည်သူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက စတုဒီသာအလှူအဖြစ် သီးစုံဒံပေါက်၊ ထမင်းနှင့်ဟင်းများ၊ အအေးမျိုစုံတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်းနှင့် ပွဲတော်နောက်ဆုံးနေ့တွင် ပြည်သူသောင်းနှင့်ချီ လွတ်လပ်ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)