ပုဗ္ဗသီရိ အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကြည်မှ အဖွင့် အမှာစကားပြောကြားရာတွင် ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းများ မှန်ကန်မှု ရှိစေရေးနှင့် ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့်လည်း မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်သည့်အတွက် ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ ကပ်ထားကြေညာမည့် မဲစာရင်းများကိုလည်း ပြည်သူများ သိရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်နှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်ကူညီဆောင်ရွက်ပေးသွားရန် ပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)