ရန်ကုန်တိုင်းဒေသကြီး သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲနောက်ဆုံးနေ့ကို ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပရာ စျေးဝယ်ယူအားပေးကြသူများဖြင့် အထူးစည်ကား

ဗဟန်း အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အခမ်းအနားနောက်ဆုံးနေ့ကို အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ဆက်လက်ကျင်းပရာ ပွဲတော်လာပြည်သူလူထုအနေနှင့် စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာ စျေးဝယ်ယူအားပေးကြသူများဖြင့် အထူးစည်းကားလျက်ရှိသည်။

ပွဲတော်အတွင်း လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့်အစားအသောက်စသည်တို့ကို ရောင်းချနေမှုများ ကိုလည်းဝယ်ယူအားပေးကြသူများဖြင့် အထူးစည်းကားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လာရောက် ကြည့်ရှုအားပေးကြသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ(၄)ရက်နေ့မှ အောက်တိုဘာလ (၇)ရက်နေ့အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁ဝ) နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှု ထုတ်ကုန်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသ ထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း (၆၂၀)ခန်းကျော် ခင်းကျင်း ရောင်းချလျက်ရှိပြီးပြည်တွင်း ထုတ်ကုန်ပစ္စည်း များဖြစ်သည့် အဝတ်အထည်များ၊ စားသောက်ကုန်များ၊ အလှမွေးငါးများ၊ အိမ်မွေးတိရစ္ဆာန် တွားသွားသတ္တဝါများ၊ မြန်မာ့သနပ်ခါးများကို ခင်းကျင်းပြသရောင်းချလျက်ရှိသည့်အပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက သက်သာသော ဈေးနှုန်းများဖြင့် ဆီများကိုရောင်းချပေးလျက်ရှိရာ လာရောက်ကြည့်ရှု ဝယ်ယူအားပေးသူများဖြင့် စည်ကား လျက်ရှိသည်။

ဖျော်ဖြေရေးမဏ္ဍပ်၌လည်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် သဘင်နှင့်ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၊ DJပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်များစွာတို့၏ သီဆိုဖျော်ဖြေမှုများကြောင့် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ပိုမိုစည်းကားစေခဲ့ပြီး အလှူရှင်များကနေ့စဉ်စတုဒီတာကျွေးမွေးခြင်းကိုလည်း ပျော်ရွှင်စွာ သုံးဆောင်ကြသည်ကိုတွေ့ရသည်။

ညပိုင်းတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ မီးပုံးပျံအသေးများ၊ ရုပ်ပုံမီးပုံးပျံများနှင့် အလှဆင် မီးပုံးပျံကြီးများလွှတ်တင်ရာ ပြည်သူအများပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်းနှင့် ပွဲတော်လာ ပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)