နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် (၂၆)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအနေဖြင့် နေပြည်တော်၏ဒေသထွက်ကုန်များအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်စေရန် ခင်းကျင်း ရောင်းချထားသည့် နေပြည်တော်ဒေသထွက်ကုန်နှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း(BPI ဆေးဝါးအရောင်းဆိုင်)၊ ထုတ်ကုန်ပစ္စည်းအရောင်းဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၊ ပြည်တွင်းဈေးကွက် ချိတ်ဆက်ရေးအတွက် လက်လီလက်ကား ရောင်းချသူများနှင့် ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြည်ရှုအားပေးရာတွင် ပြခန်းများအလိုက် တာဝန်ရှိသူများက အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုများ၊ ကုန်ကြမ်းရရှိမှုနှင့်သုံးစွဲမှု၊ ထုတ်ကုန်များထုတ်လုပ်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက် ရရှိမှုများ၊ ပြည်တွင်း၊ ပြည်ပသို့ ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ထုတ်ကုန်လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်အတွက် လေ့လာဆောင်ရွက်နိုင်ရေးကို တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာနှင့် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် သို့သွားရောက်ပြီး ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ အခြေခံမဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာထားရှိမှု၊ ဒေသခံပြည်သူများမှ မဲစာရင်းများ လာရောက်ကြည့်ရှုရာတွင် လွယ်ကူအဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးနေမှု၊ မဲစာရင်းလာရောက် ကြည့်ရှုရာတွင် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း တောင်းဆိုနိုင်ရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများတွေ့ရှိပါက ပုံစံ(၄) ဖြင့် ကန့်ကွက်နိုင်ရေး၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-၈)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာကော်မရှင် အဖွဲ့ ခွဲရုံးများမှလိုအပ်သော ပုံစံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲစာရင်းလာရောက် ကြည့်ရှုနိုင်ရေး တိုက်တွန်းနှိုးဆော်ပေးကြရန်၊ မဲစာရင်းလာရောက်ကြည့်ရှုသူများ အနှောင့်အယှက်ကင်းစွာဖြင့် စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်ရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးကြရန်၊ မဲစာရင်းဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီးပါက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံးအကြိမ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်နိုင်ရန် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးလူတစ်ဦး မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် ပျဉ်းမနားမြို့နယ် နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများ စံကျောင်းတော် တပ်တွင်းဓမ္မာရုံ၌ ကျင်းပသည့် ပျဉ်းမနားမြို့ (၁၀၅) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြသည်။ အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီ ကြွချီလှည့်လည်ပူဇော်ပွဲအတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၃၀ ကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် (၁၀၅) ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်နှင့် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညို၍ အလှူငွေများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
နေပြည်တော် ပျဉ်းမနားမြို့တွင် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့တိုင်း ကျင်းပပြုလုပ်သည့် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲသည် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်ပြီး ရပ်နီး၊ ရပ်ဝေးရှိ ပြည်သူအများမှ လာရောက် ဖူးမြော်ကြည်ညိုကြသူများဖြင့် အထူးစည်ကားလှသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်ကာ ရုပ်ပွားတော်များ ပင့်ဆောင်အပူဇော်ခံမည့် အလှပြယာဉ်များတွင် ရောင်စုံလျှပ်စစ်မီးများ ထွန်းညှိပူဇော်ပြီး မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)