မိတ္ထီလာ အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန် ကန်ဦးကန်ထိပ်၌ တည်ထားကိုးကွယ်သော ဓမ္မသုခရွှေစည်းခုံစေတီတော်၌ ဧကာဒသမကြိမ်မြောက် ဆီမီးထွန်းညှိပူဇော်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၇ရက်အထိ ကျင်းပလျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့က ဘုရားဖူးလာရောက်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားကြောင်းသိရသည်။
ဓမ္မသုခရွှေစည်းခုံစေတီတော်ရင်ပြင်တော်မှာ သီတင်းကျွတ်ဆီမီးထွန်းညှိပူဇော်ပွဲအဖြစ် နှစ်စဉ်မပျက် ကျင်းပသည့် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်အထိ သုံးရက်တိုင် စည်ကားသိုက် မြိုက် စွာ ကျင်းပသည်။ ယခုနှစ်သည် ဧကာဒသမအကြိမ်မြောက် ဆီမီးထွန်းညှိပူဇော်ခြင်းဖြစ်ပြီး သီတင်းကျွတ်ပြည့်နေ့တွင် ဘုရားဖူးလာရောက်သူ၊ ဆီမီးထွန်းညှိပူဇော်သူများ စည်ကားသိုက်မြိုက်ခဲ့ကြောင်း စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုးက ပြောသည်။
အလားတူ မိတ္ထီလာမြို့ပေါ်ရှိ သမိုင်းဝင်ဖောင်တော်ဦး စေတီတော်၊ ရွှေမြင်တင်စေတီတော်၊ နဂါးရုံမဟာဗောဓိစေတီတော် ၊ မိုးကောင်းအန္တကူရေလယ်စေတီတော် ၊ ရွှေစောလူးစေတီတော် ၊ ထီးသုံးဆင့် စေတီတော်စသည့် ဘုရားပုထိုးစေတီတော်များတွင် ဘုရားဖူးသူများ၊ ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်းသိရသည်။
ချမ်းသာ