သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်း အထင်ကရ ဘုရားများတွင် ဆီမီးပူဇော်

ညောင်ဦး အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိ သမိုင်းအထင်ကရဘုရားများတွင် ဒေသခံပြည်သူများနှင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့တွင် ဆီမီးပူဇော်ခဲ့ကြကြောင်း ရွှေစည်းခုံစေတီ ဂေါပကအဖွဲ့ထံက သိရသည်။

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဂေါပကအဖွဲ့ထားရှိသည့်သမိုင်းဝင်/သမိုင်းအထင်ကရ ဘုရား ၁၈ ဆူအပြင်အခါ ကြီးရက်ကြီးများတွင် မြန်မာပြည်အရပ်ရပ်မှ ဆီမီးပူဇော်လာရောက်လေ့ရှိရာ နှစ်စဉ်နှစ်တိုင်းရိုးရာမပျက် ဆီမီးပူဇော်ကြကြောင်း၊ ယနေ့သီတင်းကျွတ် လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက မြတ်စွာဘုရားရှင်နှင့်သာသနာကို စောင့်ရှောက်တော်မူကြသော ရဟန်း/သံဃာတော်များအား ရည်မှန်း၍ ဆီမီးကပ်လှူပူဇော်ကြကြောင်း၊ ရွှေစည်းခုံစေတီအားတစ်သောင်းခွဲကပ်လှူပူဇော်ခြင်း၊ တုရင်တောင်စွယ်တော်မြတ် စေတီတော်ကြီးအား တစ်သောင်းပူဇော်ခြင်း၊ လောကနန္ဒာ စွယ်တော်မြတ်စေတီအား ဆီမီးတစ်သောင်းထွန်းညှိပူဇော်ခြင်း၊ ဗူးဘုရားကြီးအား ဆီမီး ၁၅၀၀ ထွန်းညှိပူဇော်ခြင်း၊ ဓမ္မရံကြီးဘုရားအား ဆီမီးနှစ်ထောင်ပူဇော်ခြင်းတို့နှင့်အတူ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာမိဘပြည်သူများက အလိုတော်ပြည့်ဘုရား၊ သဗ္ဗညုဘုရား၊ အာနန္ဒာဘုရား၊ ရွှေဂူကြီးဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးဘုရား၊ ရွှေဆံတော်ဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ စူဠာမဏိဘုရား၊ ရွာဟောင်းကြီးဘုရား၊ နဂါးရုံဘုရား၊ အပါယ်ရတနာဘုရား၊ စိုးမင်းကြီးဘုရား၊ ဆင်များရှင် ဘုရားနှင့်ဓမ္မရာဇကဘုရား၊ ထီးလိုမင်းလိုဘုရားတို့တွင်ဒေသခံပြည်သူများနှင့်  မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူပြည်သူများက  ဆီမီးပူဇော်ခဲ့ကြောင်း သိရသည်။   

ဒီပါလင်း