မြစ်ကြီးနား အောက်တိုဘာ ၇
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေး ခြင်းဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) များ စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားများကို ယနေ့နံနက် (၈)နာရီက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့အခမ်းအနားများသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်း မြို့နယ်စုပေါင်းရုံး ရှေ့ ဇော်ဂျွန်းလမ်းပေါ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်သူလူထုအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေး ကြပါစို့”ဟု အသိပညာပေး နှိုးဆော်စာသားများပါဝင်သည့် မြေစိုက်ပိုစတာ (Billboard) အား ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများကို ရွေးကောက်ပွဲ ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့တွင် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် မဲဆန္ဒရှင်အသိပညာပေး မြေစိုက်ပိုစတာများကို တစ်ပြိုင်တည်းစိုက်ထူဆောင် ရွက်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အဆင့်ဆင့်အနေဖြင့်လည်း မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ထုတ်ပြန်ကြေညာလျက်ရှိသည့်အတွက် မဲရုံအလိုက် မဲစာရင်းများကို မဖြစ်မနေ သွားရောက်ကြည့်ရှုပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် မြေစိုက် ပိုစတာတွင်ပါသည့်အတိုင်း “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” ဟု အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပြီး ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ပြည်နယ်မီးသတ်တပ်ဖွဲ့ရုံးအနီး၌ သခင်နက်ဖေလမ်းနှင့် ပြည် ထောင်စုလမ်းဆုံနေရာ၌ စိုက်ထူထားသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ (Billboard) စိုက်ထူပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ အဆိုပါမြေစိုက်ပိုစတာ ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူပွဲများတွင် တက်ရောက်လာကြသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်အရာရှိ များ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း/ အမှုထမ်းများ၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုသားဖွား သင်တန်းကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)