ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ တက်ရောက်ပူဇော်

စစ်တွေ အောက်တိုဘာ ၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးနှင့် ရန်ပြေမာန်ပြေဘုရားကြီးတို့၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လောကာနန္ဒာစေတီ တော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌  ဆီမီးပူဇော်ရန် ဆောင်ရွက်ထားရှိအား လှည့်လည်ကြည့်ရှုကြပြီး ဆီမီးပွဲဇော်ပွဲသို့ တက်ရောက် ပူဇော်ကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့ကဦးဆောင်ကာ ဆီမီးထွန်းညှိပူဇော်ပေးကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ပျော်ပျော်ပါးပါး ဆီမီးထွန်းညှိပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စေတီတော်ရင်ပြင်၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ပျော်ပျော်ပါးပါး မီးပုံးပျံများကို လွှတ်တင်ပူဇော်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဂစ္ဆပ ရပ်ကွက်ရှိ ပြည်တွင်း၊ ပြည်ပသာသနာပြု မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော်ကြီး ဦးဆောင်တည်ထားလျက်ရှိသော ရန်ပြေမာန်ပြေဘုရားကြီးအား ဆီမီးထွန်းညှိပူဇော်ထားမှုကို သွားရောက်ဖူးမြော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘုရားကြီးရင်ပြင်၌ ဒေသခံပြည်သူများနှင့်အတူ မီးပုံးပျံများလွှတ်တင်ပူဇော်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးသို့သွားရောက်ပြီး ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ဘုရားကြီးရင်ပြင်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဆီမီးထွန်းညှိပူဇော်ထားမှုကို လှည့်လည်ကြည့်ရှုပူဇော်ကြပြီး ဝင်္ကဘာကွင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။

ဆီမီးပူဇော်ခြင်းကို ဗုဒ္ဓဘုရားရှင်အားရည်စူးပူဇော်သည့် အနေဖြင့်လည်းကောင်း၊ မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းကို တာဝတိံသာနတ်ပြည်၌ သိကြားမင်းတည်ထားကိုးကွယ်သော စူဠာမုဏိစေတီတော်အား ပူဇော်သည့် အမှုအဖြစ်မှတ်ယူကာ မီးပုံပျံများပြုလုပ်၍ လွှတ်တင်ခြင်းဖြင့်လည်းကောင်း ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများသည် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်များတွင် ထည့်သွင်းကျင်းပပူဇော်လျက်ရှိကြသည်။

လောကာနန္ဒာစေတီတော်မြတ်ကြီး၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးနှင့် ရန်ပြေမာန်ပြေဘုရားကြီးတို့၌ ကျင်းပသော သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)