မဟာအောင်မြေ အောက်တိုဘာ ၇
မန္တလေးတက္ကသိုလ် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ် “ဂီတဆည်းဆာ” ပဒေသာကပွဲကို ယမန်နေ့ ညနေ (၄)နာရီမှစပြီး မန္တလေးတက္ကသိုလ်ဝန်းအတွင်း၌ မန္တလေးတက္ကသိုလ် ကျောင်းသား/သူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူများစုပေါင်း၍ အဆို၊ အက၊ တေးဂီတတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မန္တလေးတက္ကသိုလ်တွင် ကျင်းပသည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် "ဂီတဆည်းဆာ"ပဒေသာကပွဲ ဖျော်ဖြေပွဲဖွင့်ပွဲအခမ်းအနားသို့ရောက်ရှိကာ မန္တလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းကြီးများက မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းဖြင့် ပျော်ရွှင်စွာဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ဂီတဆည်းဆာပဒေသာကပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် ဂုဏ်ပြုသီဆိုဖျော်ဖြေကြသူများကိုလည်းအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာ သီတာဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားကိုပြောကြားပြီး တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူဟောင်းကြီးများနှင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ အဆို၊ အက၊ တေးဂီတတို့ဖြင့် ပျော်ရွှင်စွာဆင်နွှဲနေမှုများကို မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနအသီးသီးမှ ပါမောက္ခဌာနမှူး ဆရာကြီး၊ ဆရာမကြီးများ၊ မန္တလေးမြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် ဖွဲ့စည်းထားသော မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ အဆို၊ အက၊ တေးဂီတဝါသနာရှင် လူငယ်လေးများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မန္တလေးတက္ကသိုလ်ရာပြည့်သဘင်အထိမ်းအမှတ် "ဂီတဆည်းဆာ "ပဒေသာကပွဲ ဖျော်ဖြေပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း