တွံတေး အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ဆံတော်ခြောက် ဆူကိန်းဝပ်တော်မူသောဆကေသာဓာတု ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ယနေ့ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်၌ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဆံတော် စေတီတော် မြတ်ကြီးတွင် ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံ အားထုတ်သူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်/အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ် လပြည့်နေ့ညနေပိုင်းတွင် ဘုရားပရဝဏ်အတွင်း ဆီးမီး ၅၀၀၀ ပူဇော်ခြင်း၊ မီးများအလှဆင် ထွန်းညှိထားကာ ဘုရားဖူးပြည်သူများ ဆီမီးများထွန်းညှိပူဇော် ကုသိုလ်ဒါနပြုခဲ့ကြပြီး ဘုရားဖူး ပြည်သူများစိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်စေရန် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် ရပ်ကွက်များအတွင်းရှိ လမ်းသွယ်၊ လမ်းကြား၊ လမ်းမကြီးများတွင် အလှမီးများထွန်းညှိခြင်း၊ စတုဒီသာကျွေးမွေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးလှိုင် တွံတေး