မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင်ကျင်းပသည့် ကာလဒါနအလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်

မန္တလေး အောက်တိုဘာ ၇

မတ်လ ၂၈ ရက်မွန်းလွဲပိုင်းက အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုဖြစ်စဉ်ကြောင့် တိုင်းဒေသကြီးအတွင်း အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးခြင်း၊ အဆောက် အအုံများအတွင်းပိတ်မိ၍ ထိခိုက်သေဆုံးခဲ့သူများစွာရှိခဲ့ပြီး ပျံလွန်တော်မူသွားခဲ့ကြသော ဆရာတော်၊ သံဃာတော်၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် သေဆုံးကွယ်လွန်သွားကြသူများအား ရည်စူး၍ ကုသိုလ်ပြု အမျှပေးဝေကာလဒါန အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ၊ ပြင်ဦးလွင်မြို့ ၃၂ မိုင်ရှိ ဝိပဿီဓမ္မရိပ်သာ၊ မန္တလေးမြို့ စကုတိုက် အောင်မင်္ဂလာပရိယတ္တိ ၆ ထပ်ကျောင်းဆရာတော် ဘဒ္ဒန္တပညိန္ဒနှင့် ဆရာတော် သံဃာတော်(၁၃၁)ပါး ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အလှူရှင်ကိုကျော်ကျော်ဦးနှင့် မနန်းမိုခမ်းမိသားစု၊ အလှူရှင်များ၊ ဝတ်အသင်းများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပခဲ့ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်ချ၊ အမျှအတမ်းပေးဝေကာ အနုမောဒနာတရားများကို နာယူကြည်ညိုကြပြီးနောက် ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်(၁၃၁)ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်မိသားစု များနှင့် ကုသိုလ်ယူပါဝင်လှူဒါန်းကြသည့် အလှူရှင်များ၊ တာဝန်ရှိသူများက နေ့ဆွမ်းများ၊ လှူဖွယ် ပစ္စည်းများ၊နဝကမ္မဝတ္ထုငွေများ လောင်းလှူခဲ့ကြကြောင်းနှင့် ယနေ့အခမ်းအနားတွင် ဆရာတော် သံဃာတော်(၁၃၁)ပါးအတွက် နဝကမ္မဝတ္ထုငွေကျပ် (၁၄၄၁)သိန်း၊ ဆွမ်းသပိတ်နှင့် ဆွမ်းလှူဒါန်းမှု (၂၆၂)သိန်း အပါအဝင် လှူဒါန်းမှုမှာ စုစုပေါင်း (၁၉၁၃)သိန်းရှိကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း