သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

သထုံ  အောက်တိုဘာ  ၆

မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

စေတီတော်မြတ်ကြီးမှာ ရန်ကုန်-မော်လမြိုင်‌အဝေးပြေးလမ်းမကြီးနံဘေး၌ တည်ရှိသဖြင့် အလွယ်တကူ ဝင်ရောက်ဖူးမြှော်နိုင်ရာ အများပြည်သူ ပိတ်ရက်ကာလ ကျိုက်ထီးရိုး၊ ကျိုက္ခမီ၊ စက်စဲအစရှိသည့် အောက်မြန်မာပြည် ဘုရားဖူးအပန်းဖြေခရီးထွက်သူအများစုတို့ ခရီးတစ်ထောက်နား ဝင်ရောက်ဖူး‌မြော်လေ့ရှိပြီး မြို့၏အထင်ကရ စေတီလည်းဖြစ်သည့် အလျောက်က် ယခုကဲ့သို့ ဝါလကင်းလွတ်သီတင်းကျွတ်ကာလတွင် ဒေသခံအပေါင်းတို့က မိသားစုအလိုက် လာရောက်ဖူးမြှော်ကုသိုလ်ပြုလေ့ရှိသောကြောင့် အထူးစည်ကားသည်။

 

သမိုင်းမှတ်တမ်းများအရ သထုံရွှေစာရံစေတီတော်မြတ်ကြီးမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်၊ သူရိယစန္ဒာမင်းကြီးလက်ထက်၌ တည်ထားကိုးကွယ်ခဲ့ပြီး ကကုသံဘုရားရှင်၏ ဆံတော်ရှစ်ဆူ၊ ကောဏဂုံဘုရားရှင်၏ တောင်ဝှေးတော်၊ ကဿပဘုရားရှင်၏ မြသပိတ်တော်နှင့် ဂေါတမဘုရားရှင်၏ သွားတော်‌လေးဆူတို့ဖြင့် ဘုရားရှင်‌လေးဆူတို့၏ ဓာတ်တော်မွေတော်များကို ဌာပနာသွင်း ပူဇော်ထားသောကြောင့် လေးဆူဓာတ်စံရွှေစာရံစေတီဟူ၍ အနယ်နယ်အရပ်ရပ်၌ ထင်ရှားကျော်ကြားသော စေတီတစ်ဆူဖြစ်သည်။

သီတင်းကျွတ်လပြည့်‌နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် အဘိဓမ္မာ အခါတော်နေ့ဖြစ်သည့်အ‌လျှောက် ရွှေစာရံစေတီတော်အပါဝင် သထုံမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်အသီးသီးတို့၌ အဘိဓမ္မာအခါတော်နေ့ပူဇော်ပွဲ၊ တရားသဘင်ဆင်ယင်ကျင်းပခြင်း၊ ဘုရားရှင်အားဆီးမီး၊ ပန်း၊‌ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ရွှေသင်္ကန်းတော်များ ကပ်လှူ‌ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ကုသိုလ်ပြုကြသူများတို့ဖြင့် အထူးစည်ကားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)