ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင် ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲအား ကြည့်ရှု အားပေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော်တောင်ဘက် ဧည့်ခံတန်ဆောင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး စေတီတော်ရင်ပြင် အထက်ပစ္စယံရှိပတ္တမြားမျက်ရှင်ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းသည်။ သီတင်းကျွတ်လပြည့်(အဘိဓမ္မာ အခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုကြသူ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတွင် ဈေးဆိုင်ခန်းများ အာ ကြည့်ရူအားပေးကြပြီး ဈေးရောင်းချနေမှုများနှင့် ဈေးဝယ်လာသူများ၊ ပွဲတော်သို့လာရောက် လည်ပတ်ကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဝယ်ယူအားပေးသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို အောက်တိုဘာ(၇) ရက်အထိ နေ့စဉ် နံနက် (၈)နာရီမှ ည (၁ဝ)နာရီအထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော်လာပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူ စေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိကာ ညပိုင်းတွင် နိုင်ငံကျော် တေးသံရှင်များက တေးသီချင်းများ၊ ဒီဂျေ(DJ)များဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ အလှပန်းခင်းများ၊ အလှမီးများ၊ မီးပုံး ပျံလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)