ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲသီတင်းကျွတ်လပြည့်ည အထူးစည်ကား

ရန်ကုန်  အောက်တိုဘာ  ၆

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ကျင်းပနေသော သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲသည်  သီတင်းကျွတ်လပြည့်ညတွင် ပိုမိုစည်ကားခဲ့ပြီး ညနေပိုင်းနှင့် ညပိုင်းအချိန်များတွင် ပြည်သူများသည် မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက် လာရောက်လည်ပတ်ကြပြီး သီတင်းကျွတ်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲဖြတ်သန်းကြသည်။

ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ စျေးတန်းများတွင် သီတင်းကျွတ်အထိမ်းအမှတ် မီးအလှ ရောင်စုံများ၊ မြန်မာ့အစားအစာမျိုးစုံနှင့် လက်ဆောင်ပစ္စည်းများ တန်းစီပြသထားပြီး ဈေးသွားသူများအတွက် အနံ့အရသာနှင့်ပျော်ရွှင်ဖွယ်အတွေ့အကြုံများကို တစ်ပြိုင်တည်းခံစား‌ရသည်။ ညပိုင်းတွင် မီးအလှတန်းများတောက်ပနေပြီး ဂီတဖျော်ဖြေမှုများကြောင့် ပြည်သူ့ရင်ပြင်အတွင်းပြည်သူများ၏ အားပေးသံများလွင့်ပျံ့သွားကာ သီတင်းကျွတ်လပြည့်ည၏လှပမှုကို ပိုမိုတိုးမြှင့်ပေးနေသည်။

ထို့ပြင် နာမည်ကျော်အနုပညာရှင်များမှ သီချင်းများဖျော်ဖြေခဲ့ကြပြီး လူငယ်များနှင့် မိသားစုများအတွက် အလှပန်းခင်းများ၊ အလှမီးများနှင့်  အလှပြပွဲများပါဝင်ပြီး ရင်ပြင်အတွင်းမီး ပုံးများလွှတ်တင်ခြင်းနှင့်မီးရှုးမီးပန်းများပစ်‌ဖောက်ကြပြီး ပြည်သူများ၏ပျော်ရွှင်သံများနှင့်အတူ သီတင်းကျွတ်လပြည့်ညပွဲတော်သည် အထူးစည်ကားလျှက်ရှိ‌ကြောင်းသိရသည်။

နေလင်း(ပြန်/ဆက်)