ကျောက်ဆည် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်း ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင်တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့်နေ့စဉ်စည်ကားလျက်ရှိပြီး ယနေ့နံနက် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးပြည်သူများနှင့် ပိုမိုစည်ကားများပြားလျက်ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားသည် အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံသိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်း အုန်းပွဲ၊ ငှက်ပျောပွဲကန်တော့ပွဲများ ပန်းနံ့သာများဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်တို့ အောင်မြင်စေရေး သစ္စာအဓိဌာန်ပြု ဆုတောင်းသည့်အခါ ဆုတောင်းပြည့်ဝသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးတွင် ဘုရားဂေါပကအဖွဲ့လူကြီးများက ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညို နိုင်စေရေးအတွက် လုံခြုံရေးအဖွဲ့များ စနစ်တကျ ဖွဲ့စည်းထားပြီး ဘုရားဖူးလာပြည်သူများ၏ လိုအပ်မှုများ ဖြည့်ဆည်း ကူညီပေးလျက်ရှိပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအားထားရှိရန် ထိန်းသိမ်း စောင့်ရှောက်ပေးသည့် နေရာများဖြင့် စနစ်တကျစီစဉ်ထားရှိပေးထားကာ ဘုရားဖူး ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ စည်ကားလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)