ပင်းတယ အောက်တိုဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားသွား၊ ကျောင်းတက်၊ ဥပုဒ်သီလ ဆောက်တည်သူများ၊ ဘုရားဖူးဧည့်သည်များဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ပင်းတယမြို့သည် ပင်လယ်ရေမျက်နာပြင်အမြင့် ၃၈၈၀ ပေတည်ရှိပြီး အေးချမ်းသာယာ၍ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ရှေးဟောင်းစေတီပုထိုးပေါများသော တောင်ပေါ်မြို့လေးဖြစ်ပြီး၊ ယနေ့သီတင်းကျွတ်လပြည့်နေ့၌ လိုဏ်ဂူတော်အတွင်းစေတီတော်များနှင့် ဗုဒ္ဓဘုရားရုပ်ပွားတော်မြတ် အဆူပေါင်း (၈၀၉၄) ဆူ ရှိသည့်ရှေး ဟောင်းသမိုင်းဝင် သဘာဝရွှေဥမင်လိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်းများတွင် နံနက်အာရုံဆွမ်းကပ်ခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြခြင်းနှင့်ရွှေသင်္ကန်း ကပ်လှူပူဇော်သူများဖြင့် ရပ်နီး၊ ရပ်ဝေး ဘုရားဖူးဧည့်သည်များ အထူးစည်ကားလျက်ရှိကြောင်းနှင့်ဘုရားဖူးဧည်သည်များ အနေဖြင့်ရွှေဥမင်သဘာဝလိုဏ်ဂူတော် ဘုရားကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။
ထို့အတူ ပင်းတယမြို့ရှိ သဘာ၀တပုန်းတလုတ်ရေကန်သာ၊ ညောင်ညိုပင်ကြီးများနှင့် အထင်ကရနေရာများတွင် လည်းခရီးသွားဧည့်သည်များမှအမှတ်တရ အလှဓါတ်ပုံရိုက်ကူးသူများဖြင့် စည်ကားများပြားလျက်ရှိနေကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)