ကျိုက်ထို အောက်တိုဘာ ၆
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် အောက်တိုဘာ ၆ ရက် နံနက် ၅ နာရီခွဲက ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျိုက်ထီးရိုးရင်ပြင်တော်ရှိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး၌ ကျိုက်ထီးရိုးစေတီတော်ဩဝါဒစရိယ ဆရာတော်များအားမွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များမှ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဩဝါဒစရိယဆရာတော် (၁၅)ပါး မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပြီး စေတီတော်မြတ်အားဆရာတော်ကြီးများနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့်ပူဇော်ခဲ့ကြသည်။
ယင်းနောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာ ကို နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး ဆရာတော်ကြီးထံမှ (၉)ပါးသီလခံယူ ဆောက်တည်၍ ဆရာတော်ကြီးများကမေတ္တသုတ် ပရိတ်တရားတော်များရွတ်ပွားသရဇ္ဈယ် ချီးမြှင့်ပေးကာ ဩဝါဒါစရိယ ဆရာတော်ကြီးများထံ မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးတင်စန်းနိုင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး၊လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဩဝါဒစရိယ နိုင်ငံတော် ဗဟိုသံဃာ့ဝန် ဆောင် ရတနာကံဦးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတိက္ခသာရမှ ဩဝါဒကထာချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက်အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစီရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်းခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းအောင်ကျော်၊ ပြည်နယ် သာသနာရေးဦးစီးမှူး ဦးအောင်ဝင်းထွန်း၊အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးစိန်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကံစောလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှဦး၊ ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့ အဖွဲ့ခေါင်းဆောင်ဦးစိုးလှ တို့မှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူများကဆွမ်းဆန်စိမ်းနှင့်အတူ လှူဖွယ်ဝတ္ထုများအားလောင်းလှူခဲ့ကြ ကြောင်းသိရသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အား သီတင်းကျွတ် လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်