သထုံ အောက်တိုဘာ ၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများကြီးမှူး၍ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြုသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပသည်။
သံဃပဝါရဏာပြုပွဲတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ စန္ဒိမာ အရှင်သူမြတ်မှ ဦးဆောင်၍ သံဃာတော်အပေါင်းက နမောတဿသုံးကြိမ် ရွတ်ဆို၍ဖွင့်လှစ်ခြင်း၊ ပဝါရဏာပြုသံဃာ့အရေအတွက်ဖတ်ကြားခြင်း၊ ပဝါရဏာ အမေးအဖြေပြုခြင်း၊ ဝါစဉ်အလိုက် သံဃာ့ပဝါရဏာပြုခြင်း၊ မေတ္တာသုတ်ပရိတ် တရားတော်များ ပွားများပူဇော်ခြင်း၊ ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား စုပေါင်းပူဇော်ကန်တော့ကြပြီး ဆရာတော်ကြီးများထံမှ ဂိုဏ်းပေါင်းစုံ သံဃာတော်များက အဆုံးအမဩဝါဒများခံယူခြင်းတို့ကို ပြုလုပ်သည်။
ယင်းနောက် ပဝါရဏာပြုတော်မူကြသည့် သံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့သူမြို့သား စေတနာရှင်အလှူရှင်များစုပေါင်းကာ စာရေးတံမဲများ ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါမဟာပဝါရဏာပြုရာသို့ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့၌ ဝါဆိုဝါကပ်တော်မူခဲ့ကြသည့် ဂိုဏ်းပေါင်းစုံသံဃာတော်အရှင်သူမြတ် စုစုပေါင်း ၆၆၉ ပါးတက်ရောက် ပဝါရဏာပြုတော်မူခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်