ရန်ကုန်တိုင်းဒေသကြီးသီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲကိုပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပ၊ ဝယ်ယူအားပေးကြသူများဖြင့်အထူး စည်ကားလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးသီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲကိုပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပ၊ ဝယ်ယူအားပေးကြသူများဖြင့်အထူး စည်ကားလျက်ရှိ

ရန်ကုန် အောက်တိုဘာ ၆

 ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အခမ်း အနားကိုယနေ့နံနက်ပိုင်းကရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင်ဆက်လက်ကျင်းပရာပွဲတော်လာပြည်သူလူထုအနေနှင့်စိတ်လက်ပေါ့ပါးပျော်ရွှင်စွာဝယ်ယူအားပေးကြသူများဖြင့်အထူးစည်ကား လျက်ရှိသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ(၄)ရက်မှ အောက်တိုဘာလ(၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာ အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း (၆၂၀)ကျော် ခင်းကျင်း ရောင်းချလျက်ရှိပြီးပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြစ်သည့်အဝတ်အထည်များ၊စားသောက်ကုန်များ၊အလှမွေးငါးများ၊အိမ်မွေးတိရစ္ဆာန်တွားသွားသတ္တဝါများ၊မြန်မာ့သနပ်ခါးများကိုခင်းကျင်းပြသရောင်းချလျက်ရှိသည့်အပြင်မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကသက်သာသောဈေးနှုန်းများဖြင့် ဆီများကိုရောင်းချပေးလျက်ရှိရာလာရောက်ကြည့်ရှု ဝယ်ယူအားပေး သူများဖြင့်စည်ကားလျက်ရှိသည်။

သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် Talk Showအစီအစဉ်၌“MSMEများအတွက် နည်းပညာဆိုင်ရာနှင့်ပံ့ပိုးမှုများ” ခေါင်းစဉ်ဖြင့်ဆွေးနွေးကြရာစီးပွားရေးလုပ်ငန်းရှင်များနှင့်ပွဲတော်လာပြည်သူများကစိတ်ဝင်စားလျက်ရှိသည်။

ဖျော်ဖြေရေးမဏ္ဍပ်၌လည်းဖျော်ဖြေရေးအစီအစဉ်များအဖြစ်သဘင်နှင့်ဂီတနယ်ပယ်မှကျော်ကြားသည့်အနုပညာရှင်များ၊ DJပညာရှင်များ၊ အကအဖွဲ့များနှင့်မျိုးဆက်သစ်တေးသံရှင်များစွာတို့၏ သီဆိုဖျော်ဖြေမှုများကြောင့်သီတင်းကျွတ်ဈေးရောင်းပွဲတော်ကိုပိုမိုစည်းကားစေခဲ့ပြီးအလှူရှင်များကနေ့စဉ်စတုဒီတာကျွေးမွေးခြင်းကိုလည်းပျော်ရွှင်စွာသုံးဆောင်ကြသည်ကိုတွေ့ရသည်။

ပွဲတော်လာပြည်သူများသွားလာရေးအဆင်ပြေလွယ်ကူစေရန်အကြို/အပို့ကားများစီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)