တံတားဦး အောက်တိုဘာ ၆
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ဆရာတော်သံဃာတော်များအား သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် (၈)နာရီက အဆိုပါကျေးရွာ ရေလည်ပရိယတ္တိစာသင်တိုက် ဒေါ်ဘွားဘုရားတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သူငယ်တော်ကျေးရွာတွင် ဆရာတော်သံဃာတော်များ အေးချမ်းစွာသီတင်းသုံးနိုင်ရန်အတွက် ရှေးယခင်လက်ထက်ကတည်းက ဝါတွင်းသုံးလကာလပတ်လုံး ဆွမ်းလောင်းလှူပွဲကျင်းပရာ နှစ်စဉ် ဝါဆိုလဆန်း (၈)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အအထိ လစဉ်လဆန်း (၈)ရက်၊ လဆန်း (၁၅)ရက်နေ့ လပြည့်ကျော်(၈)ရက်နေ့နှင့် လပြည့်ကျော်(၁၅)ရက် ဥပုသ်နေ့တိုင်း ဆွမ်းနှင့် ဆွမ်းဟင်းများ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။
သူငယ်တော်ကျေးရွာတွင် တန် ၊ ပြေ ၊ ရွှေ ၊ ကူ ၊ မြ ၊ချမ်း ၊ ရေ ၊ သိမ် ၊ တော ၊ တောင် ၊ ဘုံ ၊ ချယ်၊ တိုက်၊ ဘွား၊ ဘုရားဟု အလှည့်ကျ ဆွမ်းနှင့် ဆွမ်းဟင်းများကို လောင်းလှူခဲ့ကြသည်။
ထို့အပြင် အဆိုပါကျေးရွာတွင် ယခုနှစ်မှစ၍ ကျောင်းသစ်ကျောင်းတိုက်အတွင်း အသစ်တည်ထားကိုးကွယ်တော်မူသည့် လောကလာဘမုနိစေတီတော်ကြီး၏ “ဗုဒ္ဒပူဇနိယပွဲတော်”ကို ယခုနှစ်မှစတင်ပြီး သံဃာ့ဒါနဆွမ်းလောင်းလှူပွဲနှင့် စာရေးတံမဲလောင်းလှူပွဲကိုလည်းလည်း နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်ကျော် (၈)ရက်နေ့တွင် လောင်းလှူမည်ဖြစ်ကြောင်း ထိုကျေးရွာ၏ ထူးခြားသည့်အချက်မှာ ရွှေဘုံသာဘုရား၊ အုဌ်တိုက်ဘုရားနှင့် ယနေ့လောင်းလှူကြသည့် ဒေါ်ဘွားဘုရားတို့တွင် စာရေးတံမဲနှင့် ဆွမ်း၊ ဆွမ်းဟင်းများ လှူဒါန်းကြကြောင်း ဒေါ်ဘွားဘုရားတွင် ဆရာတော်သံတော် (၁၂၇)ပါးတို့ ဆရာတော်သံဃာတော်တစ်ပါးလျှင် စာရေးတံမဲ(၂)မဲနှင့် လှူဖွယ်ပစ္စည်းများ ဆွမ်း ၊ ဆွမ်းဟင်းများ လောင်းလှူခဲ့ကြကြောင်းသိရသည်။
ထို့နောက်ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်လာသော ဒါယကာ၊ ဒါယိကာမများက သက်တော်ရှည် တံတားဦးမြို့နယ် ရေလည်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဝိလာသ ထံမှရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်မှ အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)