ကျောက်ပန်းတောင်းမြို့နယ် စည်ပေါက်ကန်ကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲနှင့် နှစ်ကျပ်ခွဲကျေးရွာ ထီးတော်လှုပ် သိမ်တော်ဘုရားပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ

ကျောက်ပန်းတောင်း အောက်တိုဘာ   ၆

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ဝါလကင်းလွတ် သီတင်းကျွတ်သည့် အဘိဓမ္မာအခါတော်နေ့တွင် ရပ်ကွက်/ ကျေးရွာအသီးသီး၌ ဆွမ်းလောင်းသီတင်းပတ်ပိတ်ပွဲနှင့် ဘုရားပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိကြရာ၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စည်ပေါက်ကန်ကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲနှင့် နှစ်ကျပ်ခွဲကျေးရွာရှိ ထီးတော်လှုပ် သိမ်တော်ဘုရားပွဲများလည်း၊ အနီးဝန်းကျင်ကျေးရွာများမှ တံခွန်သွင်းကြသူများ၊ ဆွမ်းလုံးချသူများ၊ အလှူဒါနပြုကြသူများ၊ အတီးအမှုတ်အကအခုံများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာဘုရားပွဲများကို မိမိတို့ ဒေသအလိုက် ပျော်ပွဲ ရွှင်ပွဲများ အလှူဒါနပြုကြသူများ၊ ဒေသခံ ဝါသနာရှင်အဆိုအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး ဘုရားပွဲလာ ပရိသတ်ကိုလည်း မိမိတို့တတ်နိုင်သမျှ ထမင်း/ဟင်း၊ အချိုပွဲများဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိကြသည်။ အဆိုပါဘုရားပွဲများအနက် မြို့နယ်အတွင်း အထင်ရှားဆုံးဘုရားပွဲများမှာ ကျောက်ပန်းတောင်းမြို့၏ တောင်ဘက်သုံးမိုင်ခန့်အကွာရှိ စည်ပေါက်ကန်ကျေးရွာအနီးမှ ရှေးဟောင်းသမိုင်းဝင်မြစည်းခုံဘုရားပွဲနှင့် မြို့၏အနောက်မြောက်ဘက်ရှိ ရှင်အရဟံသိမ်သမုဒ်ခဲ့သည့် နှစ်ကျပ်ခွဲကျေးရွာမှ ထီးတော်လှုပ်သိမ်တော်ဘုရားပွဲမှာ အစည်ကားဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲများတွင် ထူးခြားသည်မှာ မြစည်းခုံဘုရားပွဲ၌ အနီးဝန်းကျင်ကျေးရွာ(၁၃)ရွာခန့်က ဘိုးဘွားဘုရားအနေဖြင့် နှစ်စဉ်ဆွမ်းလုံးချခြင်း(ဆွမ်းတော်ကပ်ခြင်း)၊ အတီးအမှုတ် အဆိုအကများဖြင့် တံခွန်သွင်းလှည့်လည်ခြင်းများကို အပြိုင်အဆိုင်ပြုလုပ်ကြရာတွင် ဘုရားပွဲလာဧည့်သည်များကို မုန့်အချိုများနှင့် ရိုးရာအဖြစ် မပါမဖြစ် ကျွေးမွေးဧည့်ခံသည်မှာ မုန့်ဆီကြော်ဖြစ်ပြီး၊ နှစ်ကျပ်ခွဲကျေးရွာ ဘုရားပွဲတွင် ကောက်ညှင်းဆန်၊ ငှက်ပျောသီးများပါဝင်၍ ထန်းရွက်နှီးဖြင့် ထုတ်ပိုး ပြုလုပ်သည့် ရိုးရာ မုန့်ဖက်ထုပ်ကို၊ ဘုရားပွဲလာဧည့်သည်များအား ဧည့်ခံကျွေးမွေးခြင်းနှင့် ရပ်နီး/ရပ်ဝေးဧည့်သည်များအား အထူးတလည်လက်ဆောင်ပေးကြသည်မှာ ထူးခြားမှုဖြစ်ကြောင်းသိရသည်။ အဆိုပါ ဘုရားပွဲများတွင် တံခွန်သွင်းသည့် အချိန်တွင် အဆိုအကများ၊ အတီးအမှုတ်များဖြင့် ဘုရားအား လှည့်လည်ပူဇော်ခြင်းများပြုလုပ်ကြရာ ဘုရားရင်ပြင်တွင် တိုးမပေါက်အောင် စည်ကားလျှက်ရှိသည့်နည်းတူ ကျေးရွာအတွင်းရှိ အိမ်တိုင်းတွင်လည်း ဧည့်သည်ခေါ်သံ၊ ဧည့်သည်ကြိုသံများဖြင့် အညာတောင်သူတို့၏ ဒါနသံများလွှမ်းခြုံကာ ဘုရားပွဲကျင်းပရာ ကျေးရွာတိုင်း စည်ကားသိုက်မြိုက်လျှက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)