မုဒုံ အောက်တိုဘာ ၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့ ယနေ့နံနက် ၇ နာရီက မြို့တွင်းလမ်းတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မုဒုံမြို့လုံးကျွတ်ဆွမ်းကြီးလောင်းလှူပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မော်တော်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းရေးကော်မတီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသည် မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ဘုန်းကြီးကျောင်းတိုက် (၇၅) ကျောင်းမှ သံဃာတော် (၁၇၇၅) ပါးနှင့် သီလရှင်ကျောင်း (၂၀)ကျောင်းမှ သီလရှင် (၂၆၂)ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း (၁၀၀၀) ကျော် လောင်းလှူခဲ့ကြသည်။
၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ဆရာတော်သံဃာတော်များနှင့် သီလရှင်များ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပြည့်စုံစွာ သီတင်းသုံးနိုင်ရေးအတွက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)