လားရှိုး အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားအား လားရှိုးမြို့နယ်မှ ဆရာ၊ ဆရာမများက “မြတ်ဆရာ” သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံနှင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ ခေါင်းဆောင်များမှ ပေးပို့သော စုပေါင်းသဝဏ်လွှာအား လားရှိုးခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးအေးဝင်းက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး လားရှိုးမြို့နယ်မှ ဆရာ၊ ဆရာမများက “ဆရာ” သီချင်းသီဆို၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)