ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်

ကျောက်ဆည် အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာဆင်အကအလှ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိခဲ့သောပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၉)နာရီက ရွှေသာလျောင်းတောင် ဆင်အကအလှပြိုင်ပွဲဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့မိမြို့ဖဦးစန်းယုနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆင်များနှင့် သက်ကြီးဆင်များအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်ဟိန်းအောင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် အဖွဲ့ဝင်တို့က ရိုးရာဆင်(လူကြီး) ပြိုင်ပွဲတွင် ပထမရရှိသော ရွှေပြည်သာ၊ ဒုတိယဆုရရှိသော မင်းထင်ရှား၊ တတိယဆုရရှိသော မြင်စိုင်းဇာနည်ဆင်များ၊ ရိုးရာဆင်(လူကြီး)ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော ဇာနည်ဘွား၊ ပိတောက်မြိုင်ဆင်များ၊ ရိုးရာဆင် (ကလေး)ပြိုင်ပွဲတွင် ပထမဆုရရှိသော ဒို့မဟာ၊ ဒုတိယဆုရရှိသော အောင်ဖြိုးခန့်၊ တတိယဆုရရှိသော စိမ်းလန်းစိုပြည်ဘိုကေဆင်နှင့်နှစ်သိမ့်ဆု ရရှိသော ရွှေဆည်သစ်ဆင်များ၊ ဘော်ကြယ် ဆင်ပြိုင်ပွဲတွင်ပထမဆုရရှိသော ခေတ်သစ်မာန်၊ ဒုတိယဆုရရှိသော အောင်မြင်သူ၊ တတိယဆုရရှိသော ဒွေးဆင်များ၊ ရိုးရာတီထွင်ဆန်းသစ်မှု သဘာဝ ဆင်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကရုဏာရှင်၊ ဒုတိယဆုရရှိသောပဏ်ဆင်များအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆင်အကအလှပြိုင်ပွဲတွင် ဧည့်ခံဆင်(၁)စီး၊ ဂုဏ်ပြုဆင်(၂)စီး၊ သက်ကြီးဆင်(၄)စီး၊ ပြိုင်ပွဲဝင် ဆင်(၁၄)စီး၊ မြို့မဈေးပတ်ဆင်(၆၂)စီး၊ စုစုပေါင်း(၈၃)စီးပါဝင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲ အမျိုးအစား(၄)မျိုး ခွဲ၍ ကျင်းပခဲ့ပြီး ဆုများချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

သက်မောင် (ကျောက်ဆည်)