ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သီတင်းကျွတ်ပွဲတော် သံဃာတော် အပါး(၅၀၀)တို့အား စုပေါင်းဆွမ်းဆန်တော် လောင်းလှူပွဲတက်ရောက်

စစ်တွေ     အောက်တိုဘာ  ၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သီတင်းကျွတ်ပွဲတော် သံဃာတော် အပါး(၅၀၀)၊  သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်လောင်းလှူပွဲနှင့်ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီးရင်ပြင်တော်၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့က  လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအားဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ဆွမ်းဆန်တော်လောင်း လှူရန်ရောက်ရှိနေကြသည့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လှူမှုရေးအဖွဲ့အစည်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်လောင်းလှူရန် ပြင်ဆင်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

ထို့နောက် ဒါန၊ သီလ၊ ဘာဝနာ ဆည်းပူးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို လောကာ နန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ကျင်းပရာ စစ်တွေမြို့နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်နှင့် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်များက  နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ဆက်လက်၍ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင် သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဦးဆောင်ကာ ကြွရောက်တော်မူကြသော ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူကြသည်။ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သံဃာများနှင့် သာမဏေများ၊ သီလရှင်များကြွရောက်တော်မူကြပြီး ဆွမ်းဆန်တော်များ အလှူခံကြသည်။

အဆိုပါ ဆွမ်း၊ဆန်တော်လောင်လှူပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ လှူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များကလည်း ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။

ယနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားတွင် ဆွမ်းဆန်တော်နှင့် ပစ္စည်းတန်းဖိုးကျပ် ၁၃၄၈၉၈၀၀၊ ငွေသားတန်းဖိုးငွေကျပ် ၂၅၇၁၆၀၀၀၊ စုစုပေါင်းငွေကျပ် ၁၆၀၆၁၄၀၀၀ ကို လှူဒါန်း နိုင်ခဲ့ကြောင်းသိရသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သည် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့တက်ရောက်သည်။ ဦးစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ မြတ်ဆရာပူဇော်ပွဲတက်ရောက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားသည်။ ဆက်လက်ပြည်နယ်ပညာရေးမှူးက ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့လာသော စုပေါင်း သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြပြီး အခြေခံပညာ ဆရာ၊ ဆရာမများက မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။

ထို့နောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး