မဟာအောင်မြေ အောက်တိုဘာ ၆
မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အာစရိယပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကန်တော့ခံအငြိမ်းစားဆရာကြီး ဆရာမကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဒုတိယပါမောက္ခချုပ်များ၊ ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးဆရာကြီးဆရာမကြီးများ၊ မန္တလေးမြို့မိမြို့ဖများ၊ အငြိမ်းစားဆရာကြီး ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူဟောင်းများနှင့်ဖွဲ့စည်းထားသော မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အာစရိယပူဇော်ပွဲအား မန္တလေးတက္ကသိုလ် ကျောင်းသား၊သူ ၂၀ က မြတ်ဆရာသီချင်းဖြင့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကို ဆီမီးထွန်းညှိပူဇော်ကန်တော့ခဲ့ကြပြီး မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်ပြီး အာစရိယပူဇော်ပွဲကျင်းပရေး ဆပ်ကော်မတီမှ ဆရာမကြီး ဒေါက်တာသီတာဝင်းက ကျေးဇူးတင်စကား ပြောကြားပြီးနောက် မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အောက်တိုဘာ ၅ ရက်တွင် အသက်(၇၀) ပြည့်မည့်ဘာသာရပ်ပေါင်းစုံမှ ကန်တော့ခံအငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၆၁၆ ဦးအနက် တက်ရောက်လာသော ၃၉၀ အား ကန်တော့ခံငွေများ၊ ကန်တော့ခံပစ္စည်းအား တစ်ဦးချင်းစီ ပေးအပ်ကန်တော့ခဲ့ကြောင်းသိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးမှမတက်ရောက်နိုင်သော ကန်တော့ခံအငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၂၂၆ ဦးကိုလည်း ကျောင်းသား၊ သူဟောင်းများနှင့်တာဝန်ရှိသူများက အိမ်တိုင် အရောက် ပေးအပ်ကန်တော့သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇော်မင်း