သထုံ အောက်တိုဘာ ၆
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ရှင်ဥပဂုတ္တရဟန္တာမထေမြတ်ကြီး၏ ပူဇနိယပွဲတော်နှင့် (၂၇)ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းအချိန်က ရှင်ဥပဂုတ္တရဟန္တာမထေမြတ်ကြီး ကန်တော်မင်္ဂလာရင်ပြင်ပေါ်၌ စည်ကားစွာကျင်းပသည်။
ပူဇော်ပွဲတွင် သုဝဏ္ဏဝတီမြို့အတွင်းရှိ ဩဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် ပင့်ကျောင်း ၂၄ ကျောင်းမှ ဘုရားအမှူးရှိသော ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းများ ဆပ်ကပ်၍ စာရေးတံမဲ၊ နဝကမ္မအလှူငွေများနှင့် ဆွမ်းဆန် အစရှိသော လှူဖွယ်ပစ္စည်းတို့ဖြင့် အလှူရှင်ပြည်သူများက လောင်းလှူပူဇော်ကြသည်။
ညနေပိုင်းတွင် သုဝဏ္ဏဝတီမြို့အတွင်းရှိ ရပ်ကွက်အသီးသီးသို့ ရှင်ဥပဂုတ္တရဟန္တာ အရှင်မြတ်ကြီး လှည့်လည် အပူဇော်ခံယူပြီး ညပိုင်းတွင် ရှင်ဥပဂုတ္တရဟန္တာအရှင်သူမြတ်ကြီး ယာယီသီတင်းသုံးတော်မူရာ ဖောင်တော်နှင့် ကန်တော်မင်္ဂလာရင်ပြင်တော်ပေါ်တွင် ညအလှ ရောင်စုံမီးများအား ထွန်းညှိပူဇော်ခြင်း၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ညတွင် ရှင်ဥပဂုတ္တရဟန္တာအရှင်သူမြတ် ယာယီသီတင်းသုံးတော်မူရာ ဖောင်တော်ကို မင်္ဂလာကန်တော်အတွင်း လှည့်လည်အပူဇော်ခံခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်