ချောင်းဆုံ အောက်တိုဘာ ၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မွန်၊ မြန်မာနှစ်ဘာသာဖြင့် ယဉ်ကျေးလိမ္မာ (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်နှုတ်ဖြေပြိုင်ပွဲနှင့်ဆုပေးပွဲကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)နှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အောက်တိုဘာ ၅ ရက် မွန်းလွဲ(၁)နာရီက ချောင်းဆုံအနောက်ရပ်ကွက် မင်းကျောင်းသာသနာ့ဗိမာန်တွင် ပြုလုပ်သည်။
အခမ်းအနားတွင် ဗဟိုဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဒုဥက္ကဋ္ဌ ဦးကြည်သိန်း၊ ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဥက္ကဋ္ဌ ဦးအောင်မိုးနှင့် မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေးတို့မှ သာသနာရေးဆိုင်ရာများတင်ပြလျောက်ထားခဲ့ကြပြီး ယဉ်ကျေးလိမ္မာ(၃၈)ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်မြန်မာဘာသာဖြင့် နှုတ်ဖြေပြိုင်ပွဲကို အကဲဖြတ်အမှတ်ပေးဒိုင်အဖြစ် ဆရာတော် (၁၀) ပါး မှဆောင်ရွက်သည်။
အဆိုပါ ယဉ်ကျေးလိမ္မာ (၃၈)ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်နှုတ်ဖြေပြိုင်ပွဲကို အောက်တိုဘာ (၄)ရက်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၁၂ဦးတို့မှ မွန်ဘာသာဖြင့် နှုတ်ဖြေယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ပြုလုပ်သည့် မြန်မာဘာသာ နှုတ်ဖြေလာရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ကျောင်းသူ (၁၂)ဦးတို့အား မဲစနစ်ဖြင့် မေးခွန်းမေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် ဆုရရှိသူများအားဆုချီးမြှင့်ခဲ့ကြောင်းနှင့် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့် ပေးခဲ့ကြကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)