မော်လမြိုင် အောက်တိုဘာ ၆
၂၀၂၅ ခုနှစ် အောက်တိုဘာ ၅ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတက်ရောက်သည်။
အခမ်းအနားတွင် မော်လမြိုင်မြို့နယ်မှ ဆရာ/ဆရာမများက မြတ်ဆရာတေးသီချင်းဖြင့် အခမ်းအနားအား ဂုဏ်ပြုသီဆိုဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်၀န်ကြီးချုပ်က ဖတ်ကြားသည်။
ထို့နောက် မွန်ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားခဲ့ကာ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ပြည်နယ်အဆင့် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မော်လမြိုင် မြို့နယ်မှ ဆရာ၊ ဆရာမများက တို့ဆရာ တေးသီချင်းဖြင့် သီဆို ဂုဏ်ပြု ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုငွေပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
စည်သူ(ပြန်/ဆက်)