သုံးခွ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် "ကမ္ဘာ့ဆရာများနေ့"အထိမ်းအမှတ် သက်ပြည့်ပင်စင်ယူသွားကြသော အသက်(၇၀) နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများအား "မြတ်ဆရာပူဇော်ပွဲ" အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက အ.ထ.က(၁) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားဖွင့်လှစ်ပြီး ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။ ထို့နောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီးနှစ်ဦးက သြဝါဒစကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆရာကြီး၊ ဆရာမကြီး (၈၀)ဦးအား ကန်တော့ခံပစ္စည်းများ ပေးအပ်ပြီး တစ်ဦးချင်း ဂါရဝပြုကန်တော့ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ပညာသင်ကြားပေးခဲ့ကြသော ကန်တော့ခံ(အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီးများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် လက်ထောက်ပညာရေးမှူးများ၊ မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ပညာရေးဝန်ထမ်းများက တက်ရောက်ကန်တော့ခဲ့ကြကြောင်း သိရသည်။
စည်သူလင်း