လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

လားရှိုး အောက်တိုဘာ ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် (၁၁) နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာသော အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးအေးဝင်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများတို့က လက်ဆယ်ဖြာဦးထိပ်မိုး၍ ရှိခိုးကန်တော့ခဲ့သည်။

ထို့နောက် လားရှိုးမြို့နယ်အတွင်းရှိ ပူဇော်ကန်တော့ခံ အငြိမ်းစားဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၂၃၇ ဦးတို့အား ကန်တော့ပစ္စည်းများ လက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ပြီး ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးစိုင်းညွန့်မောင်နှင့် ဆရာမကြီး ဒေါ်သန်းသန်းတို့မှ ဆုတောင်းစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)