မိုင်းပျဉ်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

မိုင်းပျဉ်း အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာ‌ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းဟွမ်နွမ်းနှင့် ရုံးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက အငြိမ်းစား ဆရာ/ဆရာမ များအား ဆရာကန်တော့ချိုးဖြင့်ကန်တော့၍ ဂါရဝပြုပူဇော်ငွေများပေးအပ်ခဲ့ရာ ဆရာကြီး/ဆရာမကြီးများကိုယ်စား အငြိမ်းစား မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးစိုင်းထွန်းစိန်နှင့် အငြိမ်းစားမြို့နယ်ပညာရေးမှူး ဦးစောကလယ်ဆေးတို့က ဩဝါဒစကားများ ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲသို့ မိုင်းပျဉ်းမြို့နယ် ပညာရေးမိသားစုတို့ စုံလင်စွာတက်ရောက်ခဲ့ပြီး မိုင်းပျဉ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဆရာကြီး/ဆရာမကြီး စုစုပေါင်း (၁၅)ဦးကို တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)