မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ 

မိုင်းဖြတ် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ကမ္ဘ့ာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ၊ အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီက အထက(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ အထက(မိုင်းဖြတ်)မှ ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်ထံမှ ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဗိုလ်မှူးကြီး သန့်လွင်စိုးက ဖတ်ကြားသည်။

 ယင်းနောက် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO ကပေးပို့သည့် သဝဏ်လွှာကို အထက(ဟိုနား)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိန်က ဖတ်ကြားခဲ့သည်။ ယင်းနောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဗိုလ်မှူးကြီးသန့်လွင်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အထက(ဟိုနား)မှ ကျောင်းသူလေးများက ပန်းကလေးများရဲ့ ဥယျာဉ်မှူးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။  

ဆက်လက်၍ မြတ်ဆရာပူဇော်ပွဲကိုကျင်းပရာ ပညာရေးမိသားစုများက အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ခံပစ္စည်းများဖြင့် လက်ဆယ်ဖြာထိပ်မှာမိုး၍ ပူဇော်ကန်တော့ခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများက ဆုံးမဩဝါဒများ၊ ဆုတောင်းမေတ္တာစကားများကို မြွတ်ကြားခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)