ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၅ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်၍ ISPE FC အသင်းအား တွေ့ဆုံပြီး ဘော်လီဘောနည်းပြသင်တန်းဆင်းပွဲအခမ်းအနားနှင့် မွေနှင့် Kickboxing စခန်းဝင်အားကစားသမားများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် အောက်တိုဘာလ ၅

၂၀၂၅ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ နည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SOMS-8)နှင့် ဒုတိယအကြိမ်မြောက် အာဆီယံအားကစားဝန်ကြီးများအဆင့်အစည်းအဝေး (AMMS-2)တို့က ဆွေးနွေးအတည်ပြုဆုံးဖြတ်ခဲ့ကြပြီး အာဆီယံအားကစားနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ်ကစတင်၍ မြန်မာနိုင်ငံတွင်သာမက အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးတွင် နှစ်စဉ်ကျင်းပခဲ့ကြကြောင်း၊ ယခုနှစ်မှာတွင် ထူးထူးခြားခြားအနေဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အားကစားလူငယ်မောင်/မယ်များအတွက် အားကစားလှုပ်ရှားမှုများအနေဖြင့် ယခုလိုပြိုင်ပွဲများကို စီစဉ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်သည် အဓိကမဏ္ဍိုင်ကြီး (၃)ခုထဲမှ လူမှုရေးမဏ္ဍိုင်၏အောက်တွင် ကဏ္ဍခွဲများအနေဖြင့် ပါဝင်ကြောင်း၊ ယနေ့ကျင်းပသည့် အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုကို ပါဝင်ဆင်နွှဲရန် ရောက်ရှိလာသည့် အားကစားလူငယ် မောင်/မယ်များအနေဖြင့် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများနှင့်အတူ ပျော်ပျော်ပါးပါးစုပေါင်းလမ်းလျှောက်ဆင်နွှဲခဲ့ကြပြီးနောက် ASEAN Quiz ဗဟုသုတမေးခွန်း‌များမေးမြန်း၍ ဖြေဆိုနိုင်သူများကို ညွှန်ကြားရေးမှူးချုပ်က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)၊ မီတာ (၁၀၀)လက်ဆင့်ကမ်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်ပြေးခုန်ပစ်အားကစားသမားများ၏ Event အလိုက် စံချိန်ယူလေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ယခင်ရရှိထားသည့် စံချိန်/စံညွှန်းများထက်ပိုမိုကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌  ISPE FC အသင်း (၃)သင်း၏ အုပ်ချုပ်/နည်းပြအားကစားသမားများအား တွေ့ဆုံ၍ လက်တွေ့ကျကျလုပ်ဆောင်ရာ၌ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ တာဝန်ဝတ္တရားများ၊ ဆောင်ရန်/ရှောင်ရန်ကျင့်ဝတ်များ၊ လိုက်နာရမည့်စည်းမျဉ်း/စည်းကမ်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း၊ အားကစားလောကတိုးတက်မြင့်မားစေရန် ရေတို/ရေရှည် စီမံချက်များ‌ ရေးဆွဲချမှတ်ပြီး လုပ်ကိုင်ဆောင်ရွက်သွားစေလိုကြောင်း၊ ဇွဲ၊ စိတ်ဓာတ်အရင်းခံပြီး  မဆုတ်မနစ်‌သော စိတ်ဓာတ်ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ကျင်းပသည့် ဘော်လီဘောနည်းပြသင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သင်တန်းမှူးနှင့် သင်တန်းနည်းပြချုပ်တို့အား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က သင်တန်းနည်းပြဆရာများ၊ ဒိုင်ချုပ်နှင့်သင်တန်းသားကိုယ်စားလှယ်များကို(A လိုင်စင်၊ Bလိုင်စင်နှင့် Cလိုင်စင်)များအား အသီးသီးပေးအပ်ခဲ့ပြီးနောက်သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သိမ်ဖြူအားကစားကွင်းသို့ရောက်ရှိ၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မွေနှင့် Kick boxing အားကစားနည်းမှ ပဏာမလက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သိမ်ဖြူအားကစားခန်းမရှိ ကြမ်းခင်းများ၊ အမိုးများပြင်ဆင်ရန်လိုအပ်ချက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)