မုဒုံ အောက်တိုဘာ ၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။
ရှေးဦးစွာ ကန်ကြီးစေတီ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တကေတုဝါရနှင့် ဂေါပကအဖွဲ့ ဝင်များသည် ကန်ကြီးစေတီတော်နှင့် မင်္ဂလာကန်တော်အား ရှိခိုးဦးတိုက်ကန်တော့၍ ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် မုဒုံမြို့ပေါ် ရပ်ကွက်များမှ လှေလှော်အသင်း (၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပထမပွဲ စဉ်အဖြစ် မာရဇိန်လှေလှော်အသင်းနှင့် အောင်သိဒ္ဓိလှေလှော်အသင်းတို့က ယှဉ်ပြိုင် လှော်ခတ်ကြသည်။
မျိုးဆက်သစ်လူငယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်နယ်အတွင်း လှေလှော်အားကစားသမားကောင်းများ ပေါ်ထွက်လာရန်အတွက် လှေလှော်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပထမ ဆု (၇)သိန်းကျပ်၊ ဒုတိယဆု (၅)သိန်းကျပ်၊ တတိယဆု (၃)သိန်းကျပ်၊ နှစ်သိမ့်ဆုများအဖြစ် အသင်းတစ်သင်းလျှင် (၁)သိန်းကျပ်စီနှင့် မြို့သူမြို့သား စေတနာရှင် အလှူရှင်များက ထပ်ဆောင်းအပိုဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှသိရသည်။
ရာမည (ပြန်/ဆက်)