တွံတေး၌ ၂၀၂၅ ခုနှစ် “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” မြတ်ဆရာပူဇော်ပွဲကျင်းပ

တွံတေး အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အ.ထ.က(၁) Grade-11 မှကျောင်းသား၊ ကျောင်းသူများက “လမ်းပြကြယ်သီချင်း” ဖြင့် သီဆိုပူဇော်ခဲ့သည်။ ယင်းနောက် ကွယ်လွန်သွားကြသော ဆရာကြီး၊ ဆရာမကြီးများအား တစ်မိနစ် ငြိမ်သက်၍ မေတ္တာပို့သခဲ့ကြသည်။ ထို့နောက် တွံတေးမြို့နယ် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်မြတ် ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ အ.ထက.(၂)ကျောင်းအုပ် ဆရာကြီး ဦးခင်ဇော်ညွန့်က ပူဇော်ပွဲကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ရာတွင် အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်မှ ကန်တော့ချိုးကိုတိုင်ကြား၍ ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ကြသည်။

ထို့နောက် ဆရာကြီး၊ ဆရာမကြီးများကို ပူဇော်လက်ဆောင်များ ပေးအပ်လှူဒါန်းပူဇော်ကာ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီးဦးရန်စိန်၊ ဆရာမကြီးဒေါ်ခင်အေးတို့က ဆုံးမသြဝါဒစကားပြောကြားခဲ့သိသည်။ အခမ်းအနားကို “ဗုဒ္ဓသာသနံ စီရံတုဌတု”သုံးကြိမ်ရွတ်ဆိုကန့်တော့၍ ပြီးမြောက်ခဲ့ကြောင်းသိရသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲတွင် တွံတေးမြို့နယ်တွင် တာဝန်ထမ်းဆောင်၍ ပင်စင်ယူသွားကြသော ဆရာကြီး၊ ဆရာမကြီးများအနက် ယခုနှစ်တွင် အသက်(၇၅)နှစ် အထက်ဆရာကြီး၊ ဆရာမကြီး(၈၆)ဦးကို ပူဇော်ခြင်းဖြစ်ကြောင်းသိရသည်။ မြတ်ဆရာပူဇော်ပွဲတွင် ဆရာကြီး၊ ဆရာမကြီးတစ်ဦးလျှင် (၁၁၀၀၀၀)ကျပ်နှုန်းပူဇော်ခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

အဆိုပါအခမ်းအနားသို့ တွံတေးမြို့နယ်မှ ဆရာ၊ ဆရာမများနှင့်တစ်ပည့်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်