ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာမိသားစုများအား ဆန်နှင့် စားသောက်ကုန်များပေးအပ်ခြင်းနှင့် သီတင်းကျွတ်အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲအား ဖွင့်လှစ်

မြစ်ကြီးနား အောက်တိုဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရမ်ပူရပ်ကွက်အတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့မွန်းလွဲ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရမ်ပူ-၁)၌ သွားရောက်တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် စခန်းတာဝန်ခံတစ်ဦးက အမှတ်(၂ နှင့် ၃) စခန်းများအတွင်း နေထိုင်စား သောက်မှုဆိုင်ရာလိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက် များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရမ်ပူရပ်ကွက် အီဒါကွင်း စခန်း (၂)နှင့် (၃)မှ ယာယီ တိမ်းရှောင် အိမ်ထောင်စု (၁၄၄)စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၁၄၄)အိတ်၊ ဆီ (၁၄၄) ပိဿာနှင့် ကြက်ဥ (၄၃၂၀)လုံးတို့အား စခန်းမိသားစုများထံ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း နယ်မြေအခြေ အနေအရ တိမ်းရှောင်လာသော မိသားစုများအား သက်ဆိုင်ရာနေရာအသီးသီး၌ နေထိုင် စားသောက်မှုအဆင်ပြေစေရေး၊ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်‌ရေးအတွက် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါတွင် မိသားစုများ စားသောက်မှုအဆင်ပြေစေ ရေးအတွက် ထေက်ပံ့ပေးခြင်းဖြစ်ပြီး အဆက်မပြတ် ထောက်ပံ့ပေးနိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိသားစုများအနေဖြင့် နေရပ်ပြန်နိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်း အားပေးပြောကြားကာ အိမ်ထောင်စုများအတွက် ရေချိုးခန်း တည်ဆောက်နိုင်ရေးနှင့် ရေအိမ်သာတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီကလည်း မြစ်ကြီးနားမြို့ Northern Star ဂေါက်ကွင်း၌ သီတင်းကျွတ်အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဂေါက်သီးရိုက် ပြိုင်ပွဲစတင်နိုင်ရေးအတွက် Smoke Ball ကို ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)