တောင်ကြီး အောက်တိုဘာ ၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ၂ဝ၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် သွားရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ပြိုင်ပွဲဝင်အဖွဲ့များအားတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အေးသာယာမြို့၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များ၏ ကြိုးစားလေ့ကျင့်ထားမှုအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ အပင်ပန်းခံ၍ ကြိုစားပြီး လေ့ကျင့်ခဲ့သော အဆို၊ အက၊ အရေး၊ အတီးများသည် အဆင့်မီစွာ အကောင်းဆုံးယှဉ်ပြိုင်နိုင်မည့် အနေအထားရောက်ရှိနေပြီဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များသည် မိမိကိုယ်ကို ယှဉ်ပြိုင်နိုင်ပြီဆိုသည့်စိတ်ဓာတ်ကို သန္နိဋ္ဌာန်ချပြီး ပြိုင်ပွဲကို အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်း၊ ယှဉ်ပြိုင်လျှင် နိုင်ရမည်ဆိုသည့် စိတ်ဓာတ်ဖြင့် ပြည်နယ်၏ဂုဏ်ဆောင်လာနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် သွားရောက်ယှဉ်ပြိုင်ရမည့်ဒေသသည် မိမိတို့ ဒေသရာတီဥတုနှင့်မတူညီသည့်အတွက် အသွားအလာအနေအထိုင်အစားအသောက်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ အားကစားကွင်း၌ ရှမ်းချယ်ရီတောင်တန်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် ဖူဆယ်အားကစားရုံ အလျား (၁၅၀)ပေ၊ အနံ (၁၁၀)ပေတည်ဆောက်နေမှုကိုလည်းကောင်း၊ လင်းမြတ်နိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် သူနာပြုသင်တန်းကျောင်း အရာထမ်းအိမ်ရာ အလျား(၉၀)ပေ၊ အနံ (၇၄) ပေ၊ (RC) (၄) ခန်းတွဲ၊ (၄) ထပ်ဆောင် ဆောက်လုပ်နေ မှုအခြေအနေကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းအရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရှိရ သည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)