မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်အတွင်းမှ ယာယီခိုလှုံနေထိုင်လျက်ရှိသော မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနား အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ အံတော်ရှင် တောင်တန်း သာသနာ ပြု(ဗဟို) ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည် အစီအစဉ်များနှင့် ရွေးကောက်ပွဲတွင် မဲပေးစက်အသုံးပြုသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ကျော့ကျော့ခိုင်က အီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များနှင့် နည်းစနစ်ကျနမှန် ကန်စွာ မဲပေးနိုင်ရေးတို့ကို လက်တွေ့သရုပ်ပြအသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော ဗန်းမော်၊ မံစီနှင့် မိုးမောက်မြို့နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူ (၂၁၃) ဦးတို့အား အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့ စမ်းသပ် မဲပေးခြင်းများဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူ ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ယနေ့ နံနက် ၁၁ နာရီက လည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ကြာရာပတ္တီး (A) ရဝမ်နှစ်ခြင်းအသင်းတော် ယာယီ ယာယီနေရပ်စွန့်ခွာပြည်သူများအား စခန်းအတွင်းရှိ  ဗန်းမော်၊ မံစီနှင့် မိုးမောက်မြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများကိုလည်း မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်း များကို အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)