နေပြည်တော် အောက်တိုဘာ ၄
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကနေပြည်တော်ကောင်စီရုံး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်၊ ခရိုင်/ မြို့နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများသည် ဌာနရည်မှန်းချက်တာဝန်များအောင်မြင်စေရန်၊ လုပ်ငန်းတာဝန်များအပေါ် တာဝန်ကျေပွန်မှု၊ စည်းကမ်းရှိရှိ၊ သစ္စာရှိရှိ စိတ်ဝင်တစားလုပ်ဆောင်နေမှုများကို အသိအမှတ်ပြုအလေးထားပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးဒဏ်ကိုခံစားခဲ့ရပြီး ကျောင်းသား/ကျောင်းသူများ၏ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ငလျင်ကြီးကြောင့် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုခဲ့ကြရသော်လည်း စွမ်းစွမ်းတမံကြိုးစားဖြေဆိုခဲ့ကြပြီး ဂုဏ်ထူးရှင်များစွာ ထွက်ပေါ်လာခဲ့သောကြောင့် ဝမ်းမြောက်ပီတိဖြစ်ခဲ့ရပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည်အသွေးပြည့်မီရေး၊ ခေတ်မီအတတ်ပညာများ သင်ကြားပေးနိုင်ရေးနှင့် မှန်ကန်သည့် တွေးခေါ်မြော်မြင်မှုများ ရရှိစေရန်အတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြသော ဆရာ/ဆရာမများ၊ ပံ့ပိုးပေးခဲ့ကြသော မိဘများနှင့် ဇွဲလုံ့လဝီရိယထားပြီး ကြိုးစားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း ဝမ်းမြောက်ဝမ်းသာမှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ယနေ့ခေတ်သည် ပညာရေးခေတ်ဟုခေါ်ဆိုနိုင်သည့် ခေတ်ဖြစ်သည့်အတွက် နည်းပညာနှင့်ဗဟုသုတများ အလျင်အမြန်တိုးတက်နေသည့်ကာလတွင် ပညာရှာဖွေမှုသည် လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ ယခုလို လက်ရည်တစ်ပြင်တည်း မိတ်ဆုံစားပွဲကျင်းပခြင်းဖြင့် ဝန်ထမ်းများ၏ ရင်းနှီးမှုပိုမိုတိုးတက်လာစေမည့်အပြင် ပြည်သူလူထုလိုအပ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက် ပိုမိုကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်တို့က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား/သူများ၏ကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိသားစုသဖွယ် နေ့လယ်စာ အတူသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)