မိုးညှင်းမြို့နယ်၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုးညှင်း         အောက်တိုဘာ         ၄

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် အရည်အသွေးကောင်းမွန်သော စားသုံးဆီများထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ ပြည်တွင်းဆီစက်များအဆင့်မြင့်တင်ခြင်းနှင့် ခေတ်မီ ဆီစက်များ အသစ်တည်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ကချင်ပြည်နယ် မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း)ရက်ကွက်ရှိ မြတ်သုခ ဆီစက်လုပ်ငန်းမှ ချေးငွေရယူထားလျက်ရှိပြီး ဆီစက်လုပ်ငန်းအမှန်တကယ် လုပ်ငန်းလည်ပတ် ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် ဝန်ထမ်းများ၊ ဆက်စပ်ဌာနများဖြစ်ကြသည့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း) ရပ်ကွက်ရှိ မြတ်သုခ ဆီစက်လုပ်ငန်းအား စစ်ဆေးကြရာ ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေက အဆိုပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆီသိုလှောင်ထားရှိမှုအခြေအနေများအား လိုက်လံရှင်းလင်း ပြသခဲ့သည်။

ထို့နောက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ဆီစက်လုပ်ငန်းရှင်အား လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆီစက်လုပ်ငန်းရှင်မှ လုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များအား ပြန်လည်ဆွေးနွေးပြောကြားပြီးနောက် ၎င်းလုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း