မော်လမြိုင် အောက်တိုဘာ ၄
မွန်ပြည်နယ်၏ မြို့တော်မော်လမြိုင်မြို့၌ သန့်ရှင်း၍စိမ်းလန်းစိုပြေကာ သာယာလှပပြီး မြို့၏အင်္ဂါရပ်များနှင့် ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်၊ မြိုင်သာယာရပ်ကွက် မော်လမြိုင်လေဆိပ်တွင် လေယာဥ်ကွင်းပြေးလမ်းလမ်းဘေးဝဲ/ယာ တစ်လျှောက် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်လေဆိပ် ပရိဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာ လှပရေး၊ ခြုံနွယ်မြက်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ လေဆိပ်ပရိဝုဏ် သန့်ရှင်းသာယာလှရေး အလေးထားဆောင်ရွက်ရန်၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာသွားလာနိုင်ရေးနှင့် ကောင်းမွန်သော ခရီးသွားဝန်ဆောင်မှုများဆောင်ရွက် ပေးနိုင်ရေးလေဆိပ်တာဝန်ခံနှင့်တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်မော်လမြိုင်မြို့၊ ယောဥ်ကွင်းပြေးလမ်းတစ်လျှောက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသာယာလှပမှု ရှိစေရေး၊ အမှိုက်များမရှိစေရေးနှင့် မော်လမြိုင်လေဆိပ် အနီးပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုရှိစေရေး အတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် မြို့သန့်ရှင်းသာယာလှပမှုရှိစေရေး၊ စွန့်ပစ်အမှိုက်များ ကင်းရှင်းစေရေး စုပေါင်းသန့်ရှင်းရေးကို ရပ်ကွက်နေပြည်သူများမှလည်း ပူးပေါင်းပါဝင်၍ အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)