ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများချီးမြှင့်

မြစ်ကြီးနား     အောက်တိုဘာ ၄

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။

ရှေးဦးစွာ အသက်(၂၅)နှစ်အောက် လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကချင် ပြည်နယ်အနေဖြင့် ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် အားမာန်များကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နိုင်ရေး ယနေ့ အောင်နိုင်ရေးအလံကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် စွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် စိတ်ဓာတ်သတ္တိ သုံးမျိုးစလုံးကို တစ်ပြိုင်နက်တည်းပြသရသည့် ကစားနည်းဖြစ်သည့်အတွက် ခိုင်မာသောစိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုနှင့် အားကစားစိတ်ဓာတ်ပြည့်ဝရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောင်မြင်မှုနှင့်အတူ ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း အားပေးပြော ကြားသည်။

ထို့နောက် ကချင်ပြည်နယ်လက်ရွေးစင်အသင်း နည်းပြက ပြိုင်ပွဲအတွက် ကြိုတင်စခန်း သွင်းလေ့ကျင့်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများထံ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ်သိန်း ၃၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဌာနဆိုင်ရာများ၊ ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များက လက်ရွေးစင်အတွက် ထောက်ပံ့ငွေများ အသီးသီးပေးအပ်မှုကို ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် လက်ရွေးစင်အသင်း အုပ်ချုပ်သူက ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးအ တွက် ကတိပြုပြောကြားခဲ့သည်။

ထို့အတူ ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ စီတာပူ (ဆွတ်ငိုင်တောင်) ရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်စခန်း၌ ဖားကန့်မြို့နယ်အတွင်းမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စခန်းအတွင်းရှိ အိမ်ထောင်စု (၁၄၄) စုတို့အတွက် ငွေကျပ် (၁၃,၈၉၆,၀၀၀)တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် ၁၄၄ အိတ်နှင့် ကြက်ဥ (၄၃၂၀)လုံးတို့ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက စခန်း အတွက် အိမ်သုံးဆိုလာများကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် အိမ်ထောင်စုများ နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများ၏ နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီတိမ်းရှောင်ပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေ ရေး စဉ်ဆက်မပြတ် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လိုအပ်သည်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အိမ်ထောင်စုများအနေဖြင့် ယာယီတိမ်းရှောင်လာကြသော်လည်း စိတ်အားငယ်ပူပန်ခြင်း မရှိဘဲနေရပ်ပြန်နိုင်ရေးနှင့်တည်ငြိမ်အေးချမ်းရေးကို အားလုံးက စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် တပ်ကုန်းရပ်ကွက်၊ သဲဆာဒီးကျေးရွာအတွင်းရှိ အေဂျီအသင်းတော်ပိုင် ဘိုးဘွားရိပ်သာ၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြပြီး အိမ်ထောင်စု (၉၆)စု၊ လူဦးရေ (၅၂၀) တို့အတွက် ငွေကျပ် (၉,၂၆၄,၀၀၀)တန်ဖိုးရှိ ဆန်(၂၄)ပြည်ပါအိတ် (၉၆)အိတ်နှင့် ကြက်ဥအလုံး (၂၈၈၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)