စက်မှုလက်မှုသင်တန်းကျောင်း(အောင်ပန်း)၌ စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး အောက်တိုဘာ ၃

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူဝါဒ (၄)ရပ်၊ ရည်မှန်းချက် (၇)ရပ်၊ လုပ်ငန်းစဉ် (၁၈)ရပ်ချမှတ်ပြီး နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက စက်မှုလက်မှုသင်တန်းကျောင်း(အောင်ပန်း)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာ မိမိတို့ ပြည်နယ်အတွင်း စက်မှုလက်မှုလုပ်ငန်းများနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးရည်ရွယ်၍ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ ယခုအခါ စက်မှုလက်မှုသင်တန်းအနေဖြင့် အမှတ်စဉ် (၁) မှ (၄) အထိ သင်တန်းသား ၁၉၅ ဦးကို သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ၈၅ ဦးမှာ သင်တန်းမှ သင်ကြားပေးလိုက်သည့် အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အောင်ပန်းမြို့နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်က စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်လှစ်ခဲ့မှု မှတ်တမ်း Power Point အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက စက်မှုလက်မှုပညာသင်တန်းတွင် ထူးချွန်သင်တန်းသားများနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် ထူးချွန်သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ စက်မှုလက်မှုပညာသင်တန်းမှ သင်တန်းသားများနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းမှ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။

၎င်းနောက် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး  ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့‌သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ လက်တွေ့ဆောင်ရွက်သရုပ်ပြသမှုများအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများ မှာကြားခဲ့သည်။

အဆိုပါသင်တန်းကျောင်း၌ စက်မှုလက်မှုအခြေခံသင်တန်းတွင် လျှပ်စစ်သင်တန်း၊ ဂဟေဆက်သင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့ကို သင်တန်းသား (၃၀) ဦးဖြင့်လည်းကောင်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းတွင် အစားအစာနှင့် အဖျော်ယမကာသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းတို့တွင် သင်တန်းသူ (၂၀)ဦးတို့ဖြင့် သင်တန်းကာလ ၅.၅.၂၀၂၅ ရက်နေ့မှ ၃.၁၀.၂၀၂၅ ရက်နေ့အထိ ၂၂ ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)