ရန်ကုန် အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၁၀/၂ဝ၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း (၉/၂၀၂၅)၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဖတ်ကြား သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချမည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အောက်တိုဘာလ(၄)ရက်နေ့မှ အောက်တိုဘာ လ(၇)ရက်နေ့အထိ (၄)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ လယ်ယာမြေများအား ပြန်လည်စိစစ်ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာ အကြီးများအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်း လုံခြုံရေးများကို ပေါ့လျော့မှု မရှိစေရေးအတွက် လက်အောက်ဌာနများကို အထူးဂရုပြုကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ် သတင်းများရှိလာပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန် လိုအပ်ကြောင်းစသည်တို့ကို ပြောကြားသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် အာကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများအား ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများက ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)