ရန်ကုန် အောက်တိုဘာ ၄
ဓာတ်မြေဩဇာဖိုးငွေများ အချိန်မီပြန်လည်ပေးဆပ်နိုင်ရေး လိုအပ်သည့်ကိစ္စရပ်များ ပံ့ပိုးနိုင်ရေးနှင့် စပါးစိုက်ပျိုးခြင်းတွင် စက်မှုလယ်ယာစနစ် လွှမ်းခြုံနိုင်ရန်အတွက် Drum Seeder များ ဖြန့်ခွဲနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များအနေဖြင့် တောင်သူများနှင့်ပူးပေါင်းပြီး ဆောင်ရွက်ကြရာတွင် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းပညာနှင့် စက်ကိရိယာများ လိုအပ်ချက်များရှိလာပါက သက်ဆိုင်ရာဌာနအဖွဲ့အစည်းအလိုက် အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေး၊ Drum Seeder များဖြင့် နွေစပါးအပြည့်အဝ စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးရန်အတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာအောင် တောင်သူများနှင့် မြို့နယ်/ ခရိုင်အဆင့်အလိုက် အထူးအလေးထားကြပ်မတ်ဆောင်ရွက်သွားရန် စသည်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ဓာတ်မြေဩဇာဖိုးငွေများ အချိန်မီပြန်လည်ပေးဆပ်နိုင်ရေးနှင့် Drum Seeder များ ဖြန့်ခွဲနိုင်ရေးတို့အတွက် ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက မြို့နယ်အလိုက် ဖြန့်ဖြူးထားပြီးဖြစ်သည့် ဓာတ်မြေဩဇာဖိုး ကျသင့်ငွေမျာ ပြန်လည်ကောက်ခံမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပေါင်းစပ်ညှိနှိုင်းပူပေါင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)