မုဒုံ အောက်တိုဘာ ၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးများ ဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါးနဂျီ (Trichogramma) လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီက ကျောက်တလုံး ကျေးရွာရှိ တောင်သူ ဦးရာဂျူး၏လယ် ကွင်းအမှတ်- ၈၂၈ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်း ကျော်က ဥကပ်မှပေါက်လာသော ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီများသည် စပါးသီးနှံ နှင့် စားသုံးသီးနှံတို့၏ အဓိကဖျက်ပိုးဖြစ်သည့် ဆစ်ပိုး၊ ရွက်လိပ်ပိုး၊ ရွက်လိပ်၊ အိမ်ပိုး၊ ငမြှောင်တောင်ပိုးများ၏ ဥများကို ကပ်ပါးပြု၍ဇီဝနည်းဖြင့် နှိမ်နင်းပေးနိုင်ပုံ၊ ဥကပ်ပါးနဂျီအသုံးပြုနည်း၊ ရည်ရွယ်ချက်နှင့် ဥကပ်ပါးနဂျီမှ ဖျက်ပိုးဥအတွင်း ဖွံ့ဖြိုးကြီးထွားမှုအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး လယ်ဧက အတွင်း လက်တွေ့သရုပ်ပြသ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီကို အသုံးပြုခြင်းဖြင့် လိပ်ပြာဖလံမျိုးဝင်ဖျက်ပိုးများကို ဥအဆင့်မှစ၍ နှိမ်နင်းနိုင်ကြောင်း၊ ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ သီးနှံစိုက်ခင်းရှိ အခြားသက်ရှိများ၊ မြေ၊ ရေနှင့် လေထုကို အန္တရာယ် မဖြစ်စေနိုင်ကြောင်း၊ လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးများနှိမ်နင်းရာတွင်လည်း ရေရှည်အသုံးပြုနိုင်ကာ ကုန်ကျစရိတ်သက်သာ၍ လုံခြုံစိတ်ချ ရသော စားသုံးသီးနှံများကို ထုတ်လုပ်ပေးနိုင်မည့်နည်းလမ်းဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)