ဒုတိယဝန်ကြီးဦးထိန်လင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ရန်ကုန် အောက်တိုဘာ ၄

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာဗိုလ်လုပွဲအဖြစ် တစ်ဦးချင်းပြိုင်ပွဲများအပြီးတွင် ၂၀၂၅ ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်းမှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲတွင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုး လှူဒါန်းပေးခဲ့သော အလှူရှင်များအား အမှတ်တရဂုဏ်ပြုဆုနှင့် (Trophy) များကို အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့က ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးက (၉)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့အားလည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌက စတုတ္ထဆုရရှိသော ရှမ်းပြည်နယ်အသင်းနှင့် ပဉ္စမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ပူးတွဲပထမဆုရရှိသော ကချင်ပြည်နယ်အသင်း၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ စတုတ္ထဆုရရှိသော ကရင်ပြည်နယ်အသင်းနှင့် ပဉ္စမဆု ရရှိသော မွန်ပြည်နယ်အသင်းတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဌေးက တစ်ဦးချင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဇန်ဝါအောင်(မန္တလေးတိုင်းဒေသကြီး၊ တတိယဆုရရှိသော နန်းဇီဇဝါမြဦး(ကရင်ပြည်နယ်)၊ စတုတ္ထဆုရရှိသော လဂွေယော်နမ်(ကချင်ပြည်နယ်) ပဉ္စမဆုရရှိသော ဝင်းသော်တာအောင်(နေပြည်တော်)တို့အား လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသောသွန်းသရဝဏ် (ရန်ကုန်တိုင်းဒေသကြီး) တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ရွှေ(၂)၊ ငွေ(၁)ဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အမျိုးသမီးတံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေး ခန်းမ၌ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရာတွင်ပါဝင်မည့် အုပ်ချုပ်မှုဆိုင်ရာ ရုံးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများအလိုက် လိုအပ်ချက်များမရှိစေရန် လိုက်လံစစ်ဆေး၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်မှကျွေးမွေးသည့် စားစရိတ်နှုန်းထားနှင့်အညီ ကျွေးမွေးနိုင်ရန်အတွက် အားကစားသမားများအား တနေ့တာ ကျွေးမွေးနေမှုများကို ကြပ်မတ်စစ်ဆေးရန်၊ ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားအတွက် လိုအပ်သည့်ကိစ္စရပ်များအား သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ပြိုင်ပွဲသို့သွားရောက်ရာတွင် သွား/လာရေးကိစ္စရပ်များ၊ တည်းခို/နေထိုင်စားသောက်ရေး ကိစ္စရပ်များအား အဆင်ပြေချောမွေ့စေရန် ကြိုတင်ချိတ်ဆက်ဆောင်ရွက်သွားကြရန်နှင့် ပြိုင်ပွဲပြီးဆုံးပါက အစီရင်ခံစာပြုစုနိုင်ရေးကိစ္စရပ်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယအမြဲတမ်းအတွင်းဝန်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဏာမလက်ရွေးစင်အားကစားသမားများ ထားရှိရာ(၄)ထပ် အိပ်ဆောင်ရှိစားရိပ်သာသို့ရောက်ရှိပြီး စားရိပ်သာ၌ အားကစားသမားများကျွေးမွေးနေမှုများ၊ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားရှိမှုများ၊ ချက်ပြုတ်ဆောင်နှင့် စတိုခန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)