မော်လမြိုင် အောက်တိုဘာ ၃
မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်( ၅/၂ဝ၂၅)ကို အောက်တိုဘာ (၂)ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းလယ်ယာမြေပြဿနာများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက် မရရှိဘဲ အခြားနည်းအသုံးပြုမှုများနှင့်ပတ်သက်၍ သတ်မှတ်ထားရှိသော SOPများနှင့်အညီ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်အဖွဲ့များမှစနစ်တကျ ကွင်းဆင်းဆောင်ရွက်ကြစေလိုကြောင်း၊ တင်ပြသည့် အမှုတွဲများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့ဝင်များက လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝိုင်းဝန်းဆွေးနွေးကြရန်လိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးပြုရန် လျှောက်ထားလာမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ချစ်ကြည်ရင်းနှီးသောအားဖြင့် ဝန်ထမ်းများနှင့် အထူးနေ့လယ်စာ စားပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ သည် နိုင်ငံတော်မှ ပေးအပ်သောလုပ်ငန်းတာဝန်များနှင့်ဌာနမှပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြပြီး နိုင်ငံတော်အတွက် ဝန်ထမ်းကောင်းများဖြစ်အောင် စေတနာ၊ အနစ်နာ၊ ဝါသနာတို့ဖြင့် ကျန်းမာရွှင်လန်းစွာဖြင့်တာဝန်များအားထမ်းဆောင်ကြသည့် မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အထူးနေ့လယ်စာအား အတူတကွ သုံဆောင်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်အတူတကွ အထူးနေ့လယ်စာအား ချစ်ကြည်ရင်းနှီးစွာ လက်ရေတပြင်တည်း သုံးဆောင်ခဲ့ကာ ဝန်ထမ်းများအား ရင်းရင်းနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)