ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် တပ်ကုန်းမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုအား ကြည့်ရှုအားပေး

တပ်ကုန်း အောက်တိုဘာ ၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာကပ်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဆရာစံရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ပြီး အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာထားရှိမှုများတွင် ရပ်ကွက်ပြည်သူများ လာ‌ရောက်ကြည့်ရှုနေမှုအား ကြည့်ရှုအားပေးကာ မြို့နယ်တာဝန်ရှိသူများကို ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ ကပ်ထားကြေငြာထားသည့် မဲစာရင်းများကိုလည်း ပြည်သူများသိရှိစေရေး ဆောင်ရွက်သွားရန်နှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့‌သည်။

တပ်ကုန်းမြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၁၂၈ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေပေါင်း ၁၇၉၉၀၃ ဦး ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

တင်စိုးလွင်